ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့ နံနက်(၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကို ဆိုလိုကြောင်း ကလေးများ၏စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်းများ၊ ဘေးဥပါဒ်အန္တရာယ် ကျရောက်နေသော ကလေးအလုပ်သများအကြောင်း၊ ကလေးလုပ်သား၏ အကျိုးဆက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးအလုပ်သမားများကို ခိုင်စေမှုအကြောင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များ၊ နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)