သင်္ဃန်းကျွန်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆုတောင်းပြည့် ဆံတော်ရှင်စေတီတွင် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်(အကြို) နှစ်ဦးတရားပွဲအား သာသနာတော်နှစ် ၂၅၆၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊ ခရစ်နှစ် ၂၀၂၆ ခု၊ ပြာသိုလပြည့်ကျော် (၁၃) ရက်နေ့မှ တပို့တွဲလဆန်း (၁) ရက်နေ့၊၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့ ထိညနေ ၆း၃၀ အချိန် ကျိုက္ကစံစေတီတော် ဝတ္တကမြေ အနောက်ဘက်မုခ်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
နှစ်ဦးတရားပွဲအား ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအဂ္ဂသာမိ၊ ပါမောက္ခချုပ်ဆရာတော် အရှင်ဆေကိန္ဒ၊ တိပိဋကဓရ၊တိပိဋကကောဝိဓ ဆရာတော်အရှင်သုန္ဒရနှင့် သီတဂူဆရာတော် ဒေါက်တာအရှင်တိက္ခသာရ ဆရာတော်ကြီး (၄) ပါးမှ ဟောကြားချီးမြှင့်မည်ဖြစ်သည်။
အဆိုပါ နှစ်ဦးတရားပွဲအား သုမင်္ဂလာလမ်း သန်းကြွယ်လ္ဘက်ရည်ဆိုင်ပိုင်ရှင် အလှူရှင် ဦးကျော်အောင်+ဒေါ်မူမူ မိသားစုက ဓမ္မပူဇာအလှူတော်ငွေ ကျပ် (၂၀) သိန်း လှူဒါန်းထားကြောင်းသိရသည်။ အလှူတော် ငွေများလှူဒါန်းလိုပါက စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ ၀၉-၄၄၆၈၉၀၀၁၉ ၊ ၀၉-၄၅၉၂၄၅၅၉၄ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)