နေပြည်တော် ဇန်နဝါရီ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်း(အမှတ်-၁)လမ်းတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲနှင့် နည်းပညာသစ်စက်ကရိယာများဖြင့် ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့် သီးနှံများနှင့် သား၊ ငါး၊ ကဏ္ဍများ ဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်း ဒေသဝမ်းစာ ဖူလုံနိုင်ရန်သာမက နိုင်ငံတကာဈေးကွက်ရရှိရေးပါ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိကြောင်း၊ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများထည့်သွင်းအသုံးပြုခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်း၊ သီးနှံပင်ကြွင်းကျန်များ ထည့်သွင်းအသုံးပြုခြင်း၊ ဓာတ်မြေဩဇာများကို အပြည့်အဝ အချိန်ကိုက်အချိုးကျအသုံးပြုခြင်း၊ စိုက်ပျိုးနည်းစနစ်များကို မှန်မှန်ကန်ကန်လိုက်နာကျင့်သုံးခြင်း စသည်တို့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအနေဖြင့်လည်းကောင်း၊ ဆည်ကန်ချောင်းမြောင်း၊ မြေအောက်ရေ စသည့် ရေအရင်းအမြစ်များကိုအခြေခံပြီး သီးနှံများစိုက်ပျိုးနိုင်ရေး၊ ဖြည့်စွက်ရေပေးဝေနိုင်ရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးရေကို အလေအလွင့်မရှိအောင် ထိန်းသိမ်းသုံးစွဲရန်လည်း လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရန် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးပြုရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ပူးပေါင်းပါဝင်မှု နည်းစနစ်များကို စနစ်တကျလိုက်ပါ ဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲသွားနိုင်ရေး ဆက်စပ်ဌာနများနှင့်အတူ တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် ဆောင်းသီးနှံများကိုလည်း ပလှပ်မြေမရှိ အပြည့်အဝစိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနနှင့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုနှင့် ဆောင်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေး အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက နေကြာမျိုးစေ့များကိုလည်းကောင်း တောင်သူများထံ ထောက်ပံ့ပေးအပ်ကြပြီး နည်းပညာသစ် စက်ကရိယာများဖြင့် မြေဆီလွှာ ပြုပြင်ဆောင်ရွက်နေမှုကွင်းသရုပ်ပြခြင်းအား ကြည့်ရှုအားပေးကာ တက်ရောက်လာသည့် တောင်သူများမှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ စစ်မှုထမ်းဟောင်း (ရုံးချုပ်)အနီး ရွှေဧရာကုမ္ပဏီမှ ဩစတေးလျမျိုး၊ ဂျာမနီမျိုး၊ တရုတ်မျိုး၊ အိန္ဒိယမျိုးစသော နေကြာ(၄)မျိုး ယှဉ်ပြိုင်စိုက်ပျိုးထားသည့် သုံးဧကကျယ်ဝန်းသည့် နေကြာစိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးတာဝန်ခံ ဦးမျိုးနိုင်မှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် မြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူများအား စိုက်ပျိုးနည်းစနစ်အား မျှဝေအသုံးပြုစေရေးကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရွှေပြည်တော်ဝင်လမ်း H-1 လမ်း(ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း)အထိ မူလ(၂၄-ပေ)အကျယ် (၂)လမ်းသွား ကွန်ကရစ်လမ်းမှ (၄၈-ပေ)အကျယ် (၄)လမ်းသွား ကွန်ကရစ်လမ်းတိုးချဲ့ဆောင်ရွက်ခြင်းနှင့် လမ်းလယ်ကျွန်းနှင့် အောက်ခံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားလိုက် အရည်အသွေးပြည့်မီစွာအသုံးပြုရေး၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလိုက်လက်ယာမြောင်းမကြီး RD-9700' ta 11200 အတွင်း တူးမြောင်းကြမ်းခင်းများ နိမ့်ကျပျက်စီးခြင်းနှင့် ကျောက်လိုင်နင်ပျက်စီးနေမှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)