နတ်တလင်းမြို့နယ်အတွင်းရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများအား စတုတ္ထအကြိမ် ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

နတ်တလင်း ဇန်နဝါရီ  ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ပရဝဏ်များအတွင်းတွင် သီတင်း သုံးနေထိုင်လျက်ရှိသော သီလရှင် ဆရာကြီး၊ ဆရာလေး (၁၉၅) ပါးတို့အား ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက ကျောင်းတိုက်များသို့သွားရောက်လှူဒါန်းကြသည်။

နတ်တလင်းမြို့ပေါ်ရှိ  ကျောင်းတိုက် (၄)တိုက်နှင့် တောင်ပေါ်ကျောင်းတိုက် (၂) တိုက်ရှိ  ကျောင်းထိုင် ဆရာတော်များအား  တစ်ပါး လျှင်  ဝတ္ထုငွေကျပ်  နှစ်သောင်း၊ မုန်ပုံး ၁ပုံး၊ အိုဗာတင်း(၁)ဘူးစီလှူဒါန်းပြီး  သီလရှင်(၁၉၅) ပါးကို တစ်ပါးလျှင် ဆွမ်းဆန် တော်၂ ပြည်၊ ခေါက်ဆွဲခြောက် ၁ထုပ်၊ ငါးပိရေကျို  ၂၅ ကျပ်သား၊ ငရုပ်သီးမှုန့် ၁၀ကျပ်သား၊ ငံပြာရည် ၁ ပုလင်းနှင့် ဝတ္ထုငွေ  ၁၅၀၀ ကျပ်စီ တို့ကို  သီလရှင်များ သီတင်းသုံးရာ ကျောင်းတိုက်များသို့ လိုက်လံလှူဒါန်းကြသည်။

တောင်ပေါ်ကျောင်းတိုက် (၂)တိုက်ရှိ  သီလရှင်များအတွက် ဆိုင်ကယ်ကယ်ရီငှား၍ ပေးပို့ လှူဒါန်းခဲ့သည်။

စတုတ္တအကြိမ်မြောက် လှူဒါန်းပွဲတွင် နတ်တလင်းမြို့နယ်သူမြို့နယ်သားများ၊ ပြည်တွင်း/ ပြည်ပမှ အဝေးရောက်နတ်တလင်းသား များက စုပေါင်းလှူဒါန်းကြကြောင်းသိရသည်။

ဝင်းမြင့်(နတ်တလင်း)