ဥတ္တရသီရိ ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း “ပညာရတနာခန်းမ”၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသန့်ရှင်းရေးအကောင်းဆုံးဆုရ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် များတွင် အားကစားထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများ၊ ကျောင်းသားအားကစား ပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့ပြုလုပ်ကျင်းပသည့် ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)