ဥတ္တရသီရိ ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်၊ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို “ကြိုဆိုပါသည် စုံညီပွဲတော်”သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြို့နယ်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအဆင့် ထူးချွန်ဆုရရှိသူများနှင့် လူရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖအလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဆုရရှိအောင် သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)