တပ်ကုန်းမြို့၌ မြို့မဈေး၊ ရပ်ကွက်များ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ကျင်းပသည့် မြို့မဈေး၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မဈေးသူ၊ ဈေးသားများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ငြိမ်းချမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့မရဲစခန်းမှူး ဒုရဲမှူးညီညီထွန်းက မီးလောင်မှုနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးတင့်ဝေက လျှပ်စစ်အန္တရာယ်သတိပြုဖွယ်ရာများ၊ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးလောင်မှုများမဖြစ်ပွားစေရေး၊ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ဖုန်းနံပါတ်များ ဆက်သွယ်ပေးနိုင်ရေး၊ မီးသတ်ဆေးဘူး သုံးစွဲတတ်စေရေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်