နေပြည်တော် ဇန်နဝါရီ ၆
နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျောက်ပုံးရိုက် လုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မြန်မာနိုင်ငံမှာရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်းလုံခြုံသော အဆောက်အဦများ ဆောက်လုပ်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိပြီး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချနိုင်သည့် အဆောက်အဦများ ဆောက်လုပ်တတ်စေရန် ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာ/ဆရာမများက ကျောင်း၏ သင်ရိုးညွှန်းတမ်းများနှင့်အညီ လေ့ကျင့်ပေးသွားမှာဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် စနစ်တကျ လိုက်နာသင်ယူသွားကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် ဘက်ပေါင်းစုံမှ ကာလတို၊ ကာလရှည် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါရှိနေပါကြောင်းနှင့် ယခုလို လေ့ကျင့်သင်ကြားပေးခြင်း၊ ဆွေးနွေးပို့ချခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အသွေး တိုးတက်မြင့်မားပြီး လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားလာမှာဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့်လည်း သင်တန်းကာလအတွင်းမှာ သင်တန်းသားများအား ထိရောက်သည့် ပို့ချမှုတွေနှင့် လက်တွေ့ဆောင်ရွက်မှုတွေမှာ တစ်ဦးချင်း နားလည်တတ်ကျွမ်းသည်အထိ သင်ကြားပို့ချလေ့ကျင့်ပေးသွားကြရန်နှင့် သင်တန်းသားများအနေဖြင့်လည်း နိုင်ငံတော်နှင့် နေပြည်တော်ကောင်စီ၏ ရည်ရွယ်ချက်စေတနာကို သိရှိနားလည်ပြီး ဒီသင်တန်းက ပို့ချပေးလိုက်မည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကျောက်ပုံးရိုက်ပညာရပ်ကို ကျွမ်းကျင်အောင် ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သည့်အချိန်တွင် ကြံ့ခိုင်ကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော အဆောက်အဦများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းပို့ချမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတွင် ပို့ချမည့် သင်ထောက်ကူပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့ပြီး အဆိုပါသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာရှိသည့် အတွေ့အကြုံရှိသော ဆောက်လုပ်ရေးလုပ်သား ၃၁ ဦးအား စုစည်းရွေးချယ်၍ ရက်သတ္တပတ်လေးပတ်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ ပိတောက်အိမ်ရာသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုက်အမှတ် (၈၀၃)၊ ဉာဏသိဒ္ဓိရပ်ကွက်ရိ တိုက်အမှတ် (၃၃၉၁) နှင့် (၃၃၆၃) ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (SOP) အတိုင်း ပြင်ဆင်ရန်နှင့် မူလထက် ပိုမိုခိုင်ခံ့စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးအောင် အလေးထားဆောင်ရွက်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခခံနိုင်ရည်ရှိအောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ် (၈-က) သို့ သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော (၄)ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)