ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာရေးပြပွဲနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်

ကျောက်ဆည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး ကျေက်ဆည်ခရိုင် ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးပြပွဲနှင့် အားကစားထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အခမ်းအနားတွင် အိမ်တွင်းမှု၊ ပန်းချီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝ၊ ဓာတု၊ ရူပ ပညာရေးပြပွဲများ၊ သုတ/ရသ စာအုပ်ဈေးရောင်းပွဲတော်များပါဝင်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ခေါင်းဆောင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အပြော၊အဆိုပြေပြစ်စေမှု စသည့်အရည်အချင်းများရရှိစေရန် Grade-7 မှ Grade-12 ကျောင်းသား/ကျောင်းသူများကိုလည်း အတန်းစဉ်အလိုက် မုန့်မျိုးစုံဈေးရောင်းပွဲတော်များပါ ထည့်သွင်းကျင်းပသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ပြည်သူများအား မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း (MITTA Music Band) အဖွဲ့က MRTV Forever Group အဖွဲ့နှင့်ပူးပေါင်းပြီး သာထက်ဉာဏ်ဇော်၊ သျှား၊ မင်းသွေးလျှံ၊ ဆုပန်မေ၊ ပန်းအိန္ဒြေထက်၊ ဂျူလိုင်ဝင့်ထည်စသည့် အနုပညာရှင်များက တေးသီချင်းများသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)