အမရပူရမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

အမရပူရ  ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက ပလစ- ၂ (အမှတ် (၂) ပြင်ပ ပင်မလျှပ်စစ် အင်ဂျင်နီယာတပ်ရင်း)၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း စင်္ကြာမင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဒေါ်ထားထားစိန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်များတွင် အဘက်ဘက်မှထူးချွန်ဆုရရှိသူများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်  တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများ ပြထားသော အိမ်တွင်းလက်မှုပညာများ၊ သိပ္ပံပညာရပ်များ၊ လက်တွေ့သရုပ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။  

စိုးသီဟ(အမရ)