အမရပူရ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့် အခြေခံပညာအထက်တန်းစာမေးပွဲဖြေဆိုဖူးသူ(သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ခြင်း အောင်လက်မှတ်ရရှိပြီးသူများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လက်တွေ့အတတ်ပညာရပ်များ တတ်ကျွမ်းပြည့်ဝစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကျွမ်းကျင်မှုအတတ်ပညာသင်တန်း(Job- Ready Skill) အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက သင်တန်းအဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဓာတုဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးလွင်က “အလှကုန်လုပ်ငန်း အတတ်ပညာ” သင်တန်းအကြောင်းကိုလည်းကောင်း၊ ရူပဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာထွန်းထွန်းဦးက “အခြေခံ အီလက်ထရောနစ်ပညာ” သင်တန်းအကြောင်းကို လည်းကောင်း၊ ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာနှင်းမင်းစိုးက “အသုံးချ အခြေခံ ကျောက်ပညာ” သင်တန်းအကြောင်းကိုလည်းကောင်း၊ ကုန်ထုတ်ဓာတုဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်သီတာဝင်းက “ဆပ်ပြာချက်လုပ်ခြင်းပညာ” သင်တန်းအကြောင်းကို လည်းကောင်း၊ သတ္တဗေဒဌာနမှပါမောက္ခ(ဌာနမှူး) ဒေါက်တာမိမိခိုင်က “တီမွေးမြူရေးနှင့် တီမြေဆွေးထုတ်လုပ်မှုသက်မွေးပညာ” သင်တန်းအကြောင်းကိုလည်းကောင်း၊ ရုက္ခဗေဒဌာနမှ ပါမောက္ခ၊ ဒေါက်တာတင်တင်ခိုင်က “သဘာဝမြေဩဇာထုတ်လုပ်ခြင်းနှင့်အသုံးပြုခြင်းပညာ” သင်တန်းအကြောင်းကိုလည်းကောင်း မိတ်ဆက်ရှင်းလင်းကြသည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှ စတင်ကာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ (၃)လကြာမြင့်မည်းဖြစ်သည်။ သင်တန်းပြီးဆုံးပါက ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)