လှိုင်သာယာ ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနား” ကို ယနေ့နံနက် (၉) နာရီ၌ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁) တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၄) မှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြတ်သူဇာက အမှာစကားပြောကြားသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စုံညီပွဲတော်တွင် တက္ကသိုလ်၀င် အောင်ချက်အကောင်းဆုံးကျောင်းများအား ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်လျက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁၄) မှ ကျောင်းသား၊ ကျောင်းသူလေးများက ချင်းတောင်တန်းမှ ကြိုဆိုပါ၏ သီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒုမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်နှင့် အဖွဲ့ဝင်များမှ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)