ရန်ကင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကင်း ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁‌၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၌ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲ ဒုတိယပိုင်းအား မကြာမီဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့် ရွေးကောက်ပွဲအား တတိယပိုင်းတွင် ဆောင်ရွက်မည်ဖြစ်သော်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းထားရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ကွပ်ကဲရေးရုံးထားရှိရေး၊ လိုအပ်သည့် ယာဉ်များအရန်သင့်ထားရှိရေး၊ မဲပေးစက်များ ရောက်ရှိပါက Installing များ ဆောင်ရွက်ရေး မဲပေးစက်များ လုံခြုံရေးဂရုစိုက်ရန်၊ မဲရုံများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊ မဲရုံဆောင်ရွက်မည့် နေရာသတ်မှတ်ထားပြီးဖြစ်၍ မဲရုံပရဝုဏ်သတ်မှတ်ထားရှိရန်၊ မဲဆန္ဒရှင်ပြည်သူများ မဲလာရောက်ပေးရာတွင် အခက်အခဲမရှိစေရန် မဲစာရင်းစလစ်နံပတ်များ ဝေပေးထားရန်၊၊ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် အုပ်ချုပ်ေရးယာဉ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ကြိုတင်စီမံဆောင်ရွက်ထားရန်၊ ရွေးကောက်ပွဲကျင်းပနေချိန်တွင် မဲရုံအတွင်းလျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ မဲရုံလုံခြုံရေးသက်ဆိုင်ရာ ရပ်ကွက်အလိုက် တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ရန်၊ မဲရုံများတွင် CCTV တပ်ဆင်နိုင်ရေး၊ မဲရုံအခင်းအကျင်းများနှင့် ပတ်သက်၍ဆောင်ရွက်ထားရမည့် အခြေအနေများအား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လဝကဦးစီးမှူး ဦးဇော်ဝင်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးမည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းက မီးဘေးလုံခြုံရေးစီမံဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရည်လှိုင်က မဲရုံပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးမည့် အခြေအနေများအားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့များ၊ ရပ်ကျေးစာရေးများ၊ တက်ရောက်ခဲ့ကြပြီး မိမိတို့ငှာနတစ်ခုချင်းဆီအလိုက် ပြုလုပ်ဆောင်ရွက်နေကြသည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

လှလှထွေး (ပြန်/ဆက်)