နေပြည်တော် ဇန်နဝါရီလ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုပ္ပသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အသီးသီးရှိ အလံတင်အခမ်းအနား ကျင်းပရာနေရာများ၌ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှပုဂ္ဂိုလ်များက စုပေါင်းအလေးပြုကြသည်။
ထို့နောက် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကိုကျင်းပကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာခရိုင်/မြို့နယ်များမှတာဝန်ရှိသူများက ဖတ်ကြားကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြန်/ဆက်