ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

ရန်ကုန် ဇန်နဝါရီလ ၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒလမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတွေးမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အသီးသီးရှိ အလံတင်အခမ်းအနား ကျင်းပရာနေရာများ၌ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား ခရိုင်/မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များက စုပေါင်းအလေးပြုကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ကျင်းပကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာ ခရိုင်/မြို့နယ်များမှတာဝန်ရှိသူများက ဖတ်ကြားကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်/ဆက်