မော်လမြိုင် ဇန်နဝါရီ ၄
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးထိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသမီးထုပ်ဆီးထိုးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ထုပ်ဆီးလိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသူများအား ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်က လွတ်လပ်ရေးဆိုသည်မှာ လွတ်လပ်နေချိန်မှာ လွတ်လပ်ခြင်း၏ တန်ဖိုးကို မသိကြသော်လည်း လွတ်လပ်ရေးဆုံးရှုံးမှသာ လွတ်လပ်ခြင်း၏ အရသာတန်ဖိုးကို ကောင်းစွာသိမြင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ နှစ်ရှည်လများ တိုက်ပွဲဝင်မှသာ ရရှိတတ်သော်လည်း ရရှိပြီး လွတ်လပ်ရေးသည် စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ မျိုးချစ်စိတ်ဓာတ်အားနည်းခြင်းတို့ကြောင့် တစ်ခဏ၌ပင် ဆုံးရှုံးတတ်သောအရာဖြစ်ပါကြောင်း၊ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၆ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူများအား ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)