ပုဇွန်တောင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းက ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းနှင့် မိခင်နှင့်ကလေးများအတွက် ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကလေးများအား အမှတ်တရလက်ဆောင်အရုပ်များနှင့်ဆုရရှိသော သားကောင်းမိခင်နှင့်ကလေးများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ၌ မြို့နယ်အတွင်းရှိ မွေးစမှ (၆)လ၊ (၆)လမှ (၁)နှစ်၊ (၁)နှစ်မှ (၁)နှစ်ခွဲ၊ (၁)နှစ်ခွဲမှ (၂)နှစ်ထိ ကလေးငယ်များ နှင့်သားကောင်းမိခင်များ ပြိုင်ပွဲ၀င်စုစုပေါင်း(၃၀)ဦး ၀င်ရောက်ယှဥ်ပြိုင်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မက်စ်၊ ဓာတ်ဆား၊ အာဟာရဖြည့်စွက်မှုန့်၊ အားဆေးအပါအဝင်အိမ်သုံးဆေးများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရေသန့်နှင့်အာဟာရမုန့်များကို အခမ်းအနားတက်ရောက်လာသူများအား ပေးဝေခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်