ဒဂုံမြို့နယ် အ-လ-က(၁) ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံ ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ Grade – 9 ကျောင်းသား၊ ကျောင်းသူလေးများက “အလှမြင့်ဘက်စုံ လ (၁) ဒဂုံ သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဒဂုံမြို့နယ် တာဝန်ခံပညာရေးမှူး ဦးဖုန်းမော်ထွန်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာထွေးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဥမ္မာထွေးအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဆုပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၌ သင်ကြားမှုထူးချွန်ဆုနှင့် ကျောင်းတက်ရက်မှန်ဆုများကိုလည်းကောင်း၊ နဝမတန်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ အင်္ဂလိပ်စာစွမ်းရည်ဆု ရရှိသူများအား လည်းကောင်း၊ သင်္ချာစွမ်းရည်ဆုရရှိသူများအား လည်းကောင်း၊ Grade-5 တွင် (A) အဆင့်ဆုရရှိသူများအားလည်းကောင်း၊ Grade-9 တွင် (A) အဆင့်ဆုရရှိသူများအားလည်းကောင်း၊ ပန်းချီနှင့် စာစီစာကုံးဆုရရှိသူများအား လည်းကောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ KG၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-5၊ Grade-6 ၊ Grade-7 ၊ Grade-8 ကျောင်းသား၊ ကျောင်းသူလေးများကလည်း သီချင်း၊ အကများဖြင့် ဖျော်ဖြေကာ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)