မွန်ပြည်နယ် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊   ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပညာထူးချွန်ပြီးထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်၊ လူရည်ချွန် လူရည်မွန်များအဆင့်တိုင်းတွင် မွေးထုတ်စေနိုင်မည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီးဖြစ်သည်နှင့်အညီ ပညာရေးသက်ဝင် ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများ ပညာရေးကို စိတ်ပါဝင်စားသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဆုချီးမြင့်ပွဲကိုကျင်းပရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး၊ မော်လမြိုင်မြို့ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်‌နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ တီထွင်ဖန်တီးပြုလုပ်ထားသည့် စက်မှုလက်မှု၊ သိပ္ပံနှင့် အနုပညာဆိုင်ရာပြခန်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)