သထုံမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

သထုံ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ ကျောင်းသူ‌၊ ကျောင်းသားများက ပညာရေးစုံညီ သီချင်းတို့ဖြင့် စုပေါင်းသီဆိုဖျော်ဖြေကြပြီး သထုံမြို့နယ် ပညာရေးမှူး ဦးမြင့်ထွေးက ပညာရေးစုံညီပွဲတော်ကျင်းပပေးရသည့် ရည်ရွယ်ချက်နှင့် သထုံမြို့နယ်အတွင်း ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းအမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က လူရည်ချွန်ဘက်စုံထူးချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဆု၊ မြို့နယ်အဆင့်သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းဆု၊ အဆိုအကအရေးအတီးပြိုင်ပွဲဆု စသည့် ကဏ္ဍအလိုက်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ပညာရေးစုံညီအကအလှများဖြင့် တပျော်တပါးဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)