ချောင်းဆုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ချောင်းဆုံ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့်ဖွင့်လှစ်ခဲ့ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ဥက္ကဋ္ဌ)က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဆု ၊National ICT Awards 2025 ဆု၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာနှုန်းဆု၊ မြို့နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုနှင့် ကဏ္ဍအသီးသီးတို့တွင် ဆုရရှိကြသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ “စုံညီပွဲတော် တို့နွှဲ့ပျော်”  သီချင်းဖြင့် ပြန်လည်သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)