နေပြည်တော် ဇန်နဝါရီ ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၁၁၄)အား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (SOP) အတိုင်းပြင်ဆင်ရန်နှင့် မူလထက်ပိုမိုခိုင်ခံ့စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးအောင် အလေးထားဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မှီသော ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်း အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးနှင့်ဘေးပတ်ဝန်ကျင်သန့်ရှင်းသာယာလှပရေး၊ ရေနှုတ်မြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ရာ၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သောဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၃၀၉)၊ (၃၁၀)နှင့် (၃၁၁)တို့အား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း