သံဖြူဇရပ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံဖြူဇရပ် ဇန်နဝါရီ ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်(မွန်ပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မွန်​ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)၊ ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ သံဖြူဇရပ်တပ်နယ်မှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်း ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းချပြပြီး၊   ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြို့နှင့်အဖွဲ့ဝင်များက ပြည်သူအားလုံးမဲပေးနိုင်ရေး၊ မဲရုံလုပ်ငန်းများ စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်၊ မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲများအဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သံဖြူဇရပ်မြို့နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်တို့က မြို့နယ်အတွင်းဆောင်ရွက်ထားရှိမှုနှင့် အခက်အခဲများကို တင်ပြ ဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က မြို့နယ်အားကစားကွင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် MEVM မဲပေးစက်များ အသုံးပြုရန်တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)