မုဒုံ ဇန်နဝါရီ ၂
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းကို ယနေ့ နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြု ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လက်တွေ့တပ်ဆင်ရှင်းလင်းပြောကြားသည်။
အဆိုပါမဲပေးစက်တပ်ဆင်ခြင်းကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကြီးကြပ်ကာ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်းများ စုစုပေါင်း (၁၆၈) ဦး တက်ရောက်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက် MEVM များကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)