ကျိုက်မရောမြို့နယ်၌ (၄၅) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၂

မွန်ပြည်နည် ကျိုက်မရောမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၄၅) နှစ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီက ကျိုက်မရော မြို့ပြည်သူ့ဆေးရုံရှေ့မှ စတင်ကာ ဆုတောင်းပြည့် ဘုရားကြီးရှေ့ မဏ္ဍပ်ထိ ပြုလုပ်ခဲ့သည်။

အဆိုပါ မြို့လုံးကျွတ် ဆွမ်းကြီးလောင်းပွဲတော်ကြီးကို နှစ်စဥ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ယခုနှစ်၌ (၄၅) နှစ် ပြည့်ခဲ့ပြီးဖြစ်ရာ ယခုနှစ်တွင် ပိုမိုစည်ကားလျက်ရှိရာ မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များ ရပ်ဝေးရပ်နီးမှ လာရောက်၍ လာရောက်ဆွမ်းလောင်းလှူကြသော စေတနာရှင်များဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

ယနေ့ပြုလုပ်သောမြို့လုံးကျွတ် ဆွမ်းကြီးလောင်းပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး (၆၀၀) ကျော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ အလှူခံလူပုဂ္ဂိုလ်များအား ဆွမ်းဆန် စိမ်းအပြင် အိမ်သုံးပစ္စည်းများ၊ စာရေးတံမဲများ မီးဖိုချောင်သုံးသီးနှံများ၊ ဝတ္တူငွေများကို မြို့သူမြို့သား အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြပြီး ဆွမ်းကြီးလောင်းပွဲအထိမ်းအမှတ်အဖြစ် ဆုတောင်းပြည့်ဘုရားကြီး၌ ဇာတ်ပွဲများဖြင့် ကပြဖျော်ဖြေလျက် ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)