နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်၊ ရန်နိုင်ရပ်၊ ရန်နိုင် (၁) လမ်း နေအိမ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၆ နာရီ မိနစ် ၅၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ တိုင်း/ခရိုင်/မြို့နယ်ဦးစီးမှူးများမှ ဦးစီး၍ ၈ နာရီတွင် အချိန်မီ မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်‌ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်နေမှုများအား ကြီးကြပ်၍ မီးဘေးသင့်ပြည်သူများအား ယာယီနေထိုင်နိုင်ရန်အတွက် ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်၊ တပေါင်းကွင်း၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ် တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆေးစိမ် ခြင်ထောင်နှင့် စားသောက်ကုန်များကို ပေးအပ်ပြီး မီးဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားရာတွင် မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့်အတွက် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း နေပြည်တော်ကောင်စီအနေဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ကယ်ဆယ်ရေးစခန်းအတွက် လိုအပ်သည့် ထောက်ပံ့မှုကိစ္စများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မီးလောင်မှုဖြစ်ပွားခဲ့သည့် ရန်အောင် (၂) ရပ်ကွက်၊ ရန်နိုင်ရပ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများကို အားပေးစကားပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၆၀ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပျဉ်းမနားမြို့၊ တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့ မီးဘေးသင့်ပြည်သူ ၃၀၈ ဦး ရွေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ဖောင်တော်ချက်မ ဘုရားဝင်းအတွင်း ကျင်းပသော MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြာရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် (၈) မြို့နယ်တွင် ယနေ့အထိ SME Member Card (၁၉၈၁) ဦး ထုတ်ပေးခဲ့ပြီး၊ လယ်ဝေးမြို့နယ်မှ SME Member Card (၂၀၁) ဦး၊ အသေးစား (၁၄၉) ဦး၊ အလတ်စား (၅၂) ဦး တွင် ထုတ်လုပ်မှု (၉၈) ဦး၊ ရောင်းဝယ်မှု (၇၀) ဦး၊ ဝန်ဆောင်မှု (၃၀) ဦး နှင့်အခြားလုပ်ငန်း (၃) ဦးတို့ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြို့နယ်အလိုက် MSME ဈေးကွက် ပိုမိုရရှိရေး၊ မသိရှိသည့်ထုတ်ကုန်ပစ္စည်းများ ဒေသအလိုက် ပြည်သူလူထုသိရှိနိုင်အောင် မိတ်ဆက်ရန်နှင့် နိုင်ငံတော်အဆင့်/ ပြည်ထောင်စုအဆင့်အခမ်း အနားများ ကျင်းပရာတွင် ပါဝင်ပြသရန် အဆင့်သင့် အဆင်ပြေချောမွေ့စွာရောင်းချနိုင်ရေး ရည်ရွယ်ပါကြောင်း၊ ခင်းကျင်း ပြသရောင်းချနိုင်ခဲ့ကြောင်း၊ ယခုကျင်းပမည့် MSME ထုတ်ကုန်ပြပွဲတွင် လယ်ဝေးမြို့နယ်ရှိ MSME လုပ်ငန်းရှင် (၂၈) ဦး၏ ထုတ်ကုန်နှင့် အပ်ကုန်ပစ္စည်းအမျိုးပေါင်း (၁၆) ခုအား ခင်းကျင်းပြသရောင်းချမည်ဟု သိရှိရပါကြောင်း၊ ယခုလိုကျင်းပပေးခြင်းဖြင့် မြို့နယ်တစ်မြို့နယ်နှင့်တစ်မြို့နယ် ထုတ်ကုန်ပစ္စည်းများ မြို့နယ်အလိုက် ချိတ်ဆက်အားကောင်းလာပြီး ဌာနအလိုက် ပြဌာန်းထားသည့် တည်ဆဲဥပဒေများအရ လိုက်နာရမည့် အလေ့အထ၊ ကျင့်ထုံးများကိုလည်း ပါဝင်လိုက်နာဆောင်ရွက်စေရန် စားသုံးသူ Labelling Law အရ Packaging ပါရမှာဆိုတာ မသိသေးတဲ့လူ သိရှိအောင် ဖော်ထုတ်ဆောင်ရွက်ခြင်းနှင့် မသိရှိသေးလျှင်လည်း သက်ဆိုင်ရာဌာနများမှ အသိပညာပေး ဆောင်ရွက်စေလိုကြောင်း၊ MSME လုပ်ငန်းများကို Digital ခေတ်နှင့်အညီ Digital စက်တွေနဲ့ထိန်းချုပ် ပြီးတော့ ထုတ်လုပ်နေတဲ့ Member Card ထုတ်ပေးထားသည့် လုပ်ငန်းရှင်များမှ CNC စက်များနှင့် Packaging လုပ်ပြီး ထုတ်လုပ်ထားသည့် လုပ်ငန်းရှင်များကိုလည်း မြို့နယ်အလိုက် ထုတ်လုပ်ထားသည်ကို တွေ့ရှိရကြောင်း၊ ဒါ့အပြင် MSME နှင့်ပတ်သက်ပြီး ချမှတ်ထားသည့် မူဝါဒတစ်ခုဖြစ်သည့် “ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေးပိုကောင်းရမည်” အချက်ကိုလည်း အလေး ထား လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသ ရောင်းချနေမှု လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့၊ ကျက်သရေဆောင် သမိုင်းဝင် “ဖောင်တော်ချက်မ” စေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီး ပြန်လည်ပြုပြင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် အခြားလိုအပ်သည် များကို မှာကြားခဲ့‌သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့်စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်သီးနှံများနှင့် သား၊ ငါး၊ ကဏ္ဍများ ဖွံ့ဖြိုးလာရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ နိုင်ငံအတွင်း ဒေသဝမ်းစာ ဖူလုံနိုင်ရန်သာမက နိုင်ငံတကာဈေးကွက်ရရှိရေးပါ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ အပြည့်အဝ ပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းဖို့ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ် မှန်ကန်စေရေး၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲသွားနိုင်ရေး ဆက်စပ်ဌာနများနှင့်အတူ တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)