သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်

သာစည် ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထက်လယ်မူအဆင့် ကဗျာရွတ်၊ စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ နံနက်ပိုင်း၌ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပြုလုပ်ရာ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားမှ ကျောင်းသား/သူများက လွတ်လပ်ရေးနှင့်ပတ်သက်သော ကဗျာများဖြင့် ယှဉ်ပြိုင်ကြသည်။ မွန်းလွဲပိုင်းတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာရေးစပ်ပြိုင်ပွဲများကို ပြုလုပ်ရာ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားတို့မှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ အဆိုပြိုင်ပွဲများမှ ဆုရရှိသူများကို မြို့နယ်၌ ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းနောက် ကျောင်းသား/သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့်ဓာတ်ပုံများ၊ သုတ၊ ရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)