မိုင်းယောင်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဝမ်ဘိုးအုပ်စု၊ နားဖန်းခေတ်မီစံပြကျေးရွာရှိ “နားဖန်းခေတ်မီစာကြည့်တိုက်” ၌ ကျင်းပခဲ့သည်။
စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေနှင့် ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်းအင်အား ၅၄ ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြား၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းစိုးစိုးက ခေတ်မီစံပြကျေးရွာ(Smart Village)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားပြီး ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက “နားဖန်းခေတ်မီစာကြည့်တိုက်”အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါစာကြည့်တိုက်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ခေတ်မီစံပြကျေးရွာ(Smart Village)စီမံကိန်းရန်ပုံငွေ ကျပ် ၁၅ ဒသမ ၃ သန်းဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပြီး အလျားပေ ၂၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၁ ပေရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း