ဒေါပုံမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပပြုလုပ်

ဒေါပုံ ဇန်နဝါရီ ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေါပုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်းက ကြီးမှူး၍ သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ခြင်းနှင့် တစ်ကိုယ်‌ရည်သန့်ရှင်းမှုများကို စစ်ဆေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများက အမှတ်ပေးစည်းမျဉ်းများအတိုင်း အကဲဖြတ်အမှတ်ပေးခဲ့ကြပါသည်။ ထို့နောက် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အသက် (၁)နှစ်ခွဲမှ (၂)နှစ်ထိ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကလေးများအား ဗိုလ်တထောင်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်၀င်းကြည်ကလည်းကောင်း၊ အသက် (၁)နှစ်မှ (၁)နှစ်ခွဲထိ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကလေးများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးကလည်းကောင်း၊ အသက် (၆)လမှ (၁)နှစ်ထိ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကလေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်ကလေးငယ်များအား အရုပ်များလက်ဆောင် ပေးအပ်ခဲ့ပြီး မွေးမိခင် (၅)ဦးအား သင်္ဘောသီး၊ ကြက်ဥ၊ ကွေကာအုပ်၊ ဆားနှင့် အားဆေးများ ပေးအပ်ခဲ့ကြ‌ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)