ပျဉ်းမနား ဇန်နဝါရီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်တွင် ယမန်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးထားရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ လိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မီးဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ကုန်များကိုပေးအပ်ပြီး မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားရာတွင် မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း နေပြည်တော်ကောင်စီအနေဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ကယ်ဆယ်ရေးစခန်းအတွက် လိုအပ်သည့် ထောက်ပံ့မှုကိစ္စများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မီးလောင်မှုဖြစ်ပွားခဲ့သည့် ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် (၆၀)လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပျဉ်းမနားမြို့၊ တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့ မီးဘေးသင့်ပြည်သူ (၃၀၈)ဦး ရွေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)