နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇမ္ဗူသီရိ  ဇန်နဝါရီ ၁

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တောင်သူများနှင့်တွေ့ဆုံကာ ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် နွေစပါးစိုက်ပျိုးရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၆၅၄)၊ တောင်သူ ဒေါ်ခိုင်နွယ်မိုး၏ ဆင်းရွှေကြာ-၂ နေကြာ (၁၅)ဧက စိုက်ပျိုးထားရှိမှု၊ ကွင်းအမှတ် (၁၆၆၀)၊ တောင်သူ ဦးစိန်၏ မတ်ပဲ စိုက်ပျိုးထားရှိမှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်နေမှု၊ ကွင်းအမှတ် (၁၆၅၉)ကွင်း၊ တောင်သူ ဦးမျိုးနိုင်ဦး၏ ဆင်းရွှေကြာ-၂ နေကြာစိုက်ပျိုးထားရှိမှု၊ ကွင်းအမှတ် (၁၆၆၂)ကွင်းတွင် နယူးဧရာကုမ္ပဏီမှ စပ်မျိုးစပါး ပျိုးထောင်ထားရှိမှုနှင့် ကွင်းအမှတ် (၁၆၆၀) ကွင်းတွင် တောင်သူ ဦးမိုးနိုင်၏ ပဲတီစိမ်းစိုက်ခင်း စိုက်ပျိုးထားရှိမှုတို့အား   လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန် သော တန်ဖိုးမြင့် သီးနှံများနှင့် သား၊ ငါး၊ ကဏ္ဍများ ဖွံ့ဖြိုးလာရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ နိုင်ငံအတွင်း ဒေသဝမ်းစာ ဖူလုံနိုင်ရန်သာမက နိုင်ငံတကာဈေးကွက်ရရှိရေးပါ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းဖို့ မျိုး၊ မြေ၊ ရေ၊ နည်းစိုက်နည်းစနစ်မှန်ကန်စေရေး၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲသွားနိုင်ရေး ဆက်စပ်ဌာနများနှင့်အတူ တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် ဆောင်းသီးနှံများကိုလည်း လှပ်မြေမရှိ အပြည့်အဝ စိုက်ပျိုးကြရန်နှင့် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 နီလာ(ပြန်/ဆက်)