တောင်ကြီး ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၅-၂၀၂၆)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း(၃၀၀)ကို မှတ်ပုံတင်ပေးရန်လျာထားခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းသစ်လျှောက်ထားသည့် စားသောက်ကုန်လုပ်ငန်း(၁၄)ခု၊ လူသုံးကုန်လုပ်ငန်း(၆)ခု၊ အဝတ်အထည်လုပ်ငန်း(၁၅)ခုနှင့် အထွေထွေလုပ်ငန်း(၇)ခု၊ စုစုပေါင်းလုပ်ငန်း(၇၈)ခုကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးက တင်ပြထားသောလုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုလက်မှတ်ရေးထိုး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၀၃၉)ခုအား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)