တပ်ကုန်း ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတောကျေးရွာချင်း ဆက်လမ်း Submersible Bridge ၁၈၀ ပေ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတားမုခ်ဦးတွင် ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ရှားတောကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ၏ ကိုယ်စား ဦးညွန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ကောင်စီဝင် ဦးဝင်းခိုင်မိုး တို့က Submersible Bridge တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တံတားအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါတံတားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ တည်ဆောက်ဖွင့်လှစ်ထားသည့် “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်း စက်ရက်ကန်းစက်ရုံနှင့် ဝါကြိတ်စက်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်