နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဥတ္တရသီရိ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  ဇလောင်းကျေးရွာအုပ်စု၊ ရွှေဟင်္သာ ကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ  အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူးရုံးမှ ဝန်ထမ်းများ၊ အလှူရှင်များ တက်‌ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အောင်သစ္စာလဲဝန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံမှ  ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ယင်း‌နောက် သံဃာတော်အရှင်သူမြတ်များထံသို့   နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ အသီးသီးဆပ်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသထံမှ သာဓုအနုမောဓနာတရားနားကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေပြီး နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီးနောက် ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အလှူရှင်များအား ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များပေးအပ်လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ၊ ကွင်းအမှတ်(၁၈၉၃) တောင်သူ ဦးမြင့်သိန်း၏ စံပြလယ်ယာ နှစ်ဧကတွင်(ဆင်းရွှေကြာ-၂)အစေ့ထုတ်နေကြာ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)