နေပြည်တော် ဒီဇင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စုအတွင်းရှိ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျီးသဲလေးထပ်ကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရနှင့်သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူး ဦးအောင်ကျော်မင်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဦးရေဝတက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျီးသဲလေးထပ်ပညာရေးစင်တာ၏ ပဓာန နာယကဆရာတော် ဒေါက်တာအရှင်စန္ဒာဝရ (မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်မှ ရှင်ကုဝေရက ဒေဝနိမန္တနဂါထာရွတ်ဖတ်၍ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်းများဆောင်ရွက်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးခင်မောင်လတ်တို့မှ သာသနာရေးဆိုင်ရာလျှောက်ထားခြင်း၊ သံဃာတော်အရှင်သူမြတ်များထံသို့ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များဦးဆောင်ကာ ပရိတ်သတ်အားလုံးမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းခြင်းများဆောင်ရွက်ခဲ့ပြီး အလှည့်ကျ ဘာဏကဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)