နမ့်စန် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို သက်ဆိုင်ရာမဲရုံအသီးသီး၌ ယနေ့နံနက် ၆ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ရပ်ကွက်နှင့် ကျေးရွာများရှိ သက်ဆိုင်ရာမဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျတန်းစီ၍ မဲပေးရန်စောင့်ဆိုင်းနေမှုများနှင့် ဆန္ဒမဲပေးနေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများ ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် မြို့နယ်ရွေးကေက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်တို့က ယနေ့နံနက် ၆ နာရီခွဲကစတင်၍ လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦးနှင့် တိုင်းရင်းသားလွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်း (၁၉) ဦး၊ စုစုပေါင်း (၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး နမ့်စန်မြို့နယ်အနေဖြင့် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၂၀) တို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၇၄၉၁ ဦးရှိကာ မဲရုံပေါင်း (၇၈) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)