ကျိုင်းတုံ ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ်အတွင်း မဲပေးပိုခွင့်ရှိသည့် မဲဆန္ဒရှင် ၁၁၃၇၂၈ ဦးအတွက် မဲရုံပေါင်း ၁၁၁ ရုံ ဖွင့်လှစ်ထားရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မနက်စောစော မဲရုံမဖွင့်မီအချိန်ကတည်းကပင် သတ်မှတ်မဲရုံအသီးသီးသို့ စိတ်ဝင်တစားလာရောက်စောင့်ဆိုင်းကာ မဲရုံဖွင့်လှစ်သည်နှင့် စနစ်တကျတန်းစီစောင့်ဆိုင်းပြီး မဲပေးခဲ့ကြသည်။
ထိုသို့ ဆန္ဒမဲပေးရာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများနှင့် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများက မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)