မော်လမြိုင် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် အသီးသီး၌လည်း မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများသို့ စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန် စောင့်ဆိုင်းလျက်ရှိကြကာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ များက နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံ အမျိုးသားရေးအခွင့် အလမ်းတို့ကို ပြည့်ပြည့်ဝဝ အသုံးချကာမိမိကြိုက် နှစ်သက်ရာပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။
မွန်ပြည်နယ် အနေဖြင့် ရပ်ကွက်(၅၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၄)အုပ်စုတွင် မဲရုံပေါင်း (၃၃၅)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၅၉၄၅၅၀)ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
စည်သူ(ပြန်/ဆက်)