ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ဇမ္ဗူသီရိ  ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိမြို့နယ် ၁၀၂ မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများ၌လည်း စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်ချင်းစီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက် တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု  ၂ အုပ်စု တွင် မဲရုံပေါင်း ၄၀ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၄၆၈၇ ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)