မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ကျောက်ဆည်မြို့နယ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနေမှုများအားကြည့်ရှု

ကျောက်ဆည်   ဒီဇင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် ရှိမဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုများကို ကြည်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ လက်ပံကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ဟန်မြင့်မိုရ်ကျေးရွာ၊ သံရွာကျေးရွာနှင့်အ.ထ.က (၃)ကျောင်း မဲရုံများသို့သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံတာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင်  ကျင်းပပြုလုပ်သည့်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ အမျိုးသား ၈၈၈၅၆ ဦးနှင့် အမျိုးသမီး ၁၀၁၂၅၅ ဦး၊ စုစုပေါင်း ၁၉၀၁၁၁ ဦးရှိပြီး မဲရုံပေါင်း ၁၈၉ ရုံရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)