တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံများခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံများခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေများကို  ယမန်နေ့မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးသည် တာခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးပုံအဆင့်ဆင့် အသိပညာပေးနေမှု အခြေအနေ၊ မဲရုံခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသသည်။

ထို့‌နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘူတာရပ်ကွက် အမှတ်(၈) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ဂျိုးဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့တွင် မဲရုံခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)