ရန်ကုန်တိုင်းဒေသကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တာမွေ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော ၂၀၂၆-ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး(အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲအား သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး စက်ဘီးစီးအားကစားသမားများနှင့် စက်ဘီးစီးအားကစားဝါသနာပါသူများ စိတ်လက်‌ပေါ့ပါးတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရစက်ဘီးစီးအားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ဆုများအသီးသီး ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲတွင် အမျိုးသား(အလွတ်တန်း) စက်ဘီးပြိုင်ပွဲကို မှော်ဘီမြို့နယ်၊ အဝင်တိုးဂိတ်အနီး (အယ်လ်ပိုင်း‌သောက်ရေသန့် စက်ရုံရှေ့)မှ တာလွှတ်၍ ပြည်လမ်းအတိုင်း ပြည်သူ့ရင်ပြင်ပန်းခြံထိ လည်းကောင်း၊ အမျိုးသမီး(အလွတ်တန်း) စက်ဘီး ပြိုင်ပွဲကို မင်္ဂလာဒုံလေဆိပ်လမ်းဆုံမှ တာလွှတ်၍ ပြည်လမ်းအတိုင်း ပြည်သူ့ရင်ပြင်ပန်းခြံထိလည်းကောင်း သတ်မှတ်ထားပြီး အမျိုးသားစက်ဘီးစီး ပြိုင်ပွဲဝင် (၉၈၆)ဦးနှင့် အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲဝင် (၈၂)ဦးတို့ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)