မြစ်သား ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကပြည့်မှီရေးအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြစ်သားမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နီလာအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ နှမ်း၊ မြေပဲ) စိုက်ပျိုးသည့်တောင်သူများအတွက် ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အဆိုပါမြေဩဇာများကို အကျိုးရှိစွာအသုံးချ၍ တစ်ဧကအထွက်နှုန်းတိုးတက်ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး၊ မြေ၊ ပိုး တာဝန်ခံများက ၂၀၂၅-၂၀၂၆ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး ရှင်းလင်းပြောကြားခဲ့မှုအပေါ် တောင်သူများက သိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး၊ မြေ၊ ပိုးတာဝန်ခံများ၊ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)