ကော့မှူးမြို့နယ်တွင် ပြင်ပရောက်မဲများ ကြိုတင်ဖွင့်ဖောက်ရေတွက်

ကော့မှူး ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာ ရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့ညနေ ၄ နာရီက မကျီးကန်ကျေးရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်ဖောက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာတွင်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပါတီကိုယ်စားပြုကိုယ်စားလှယ်များရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ