နေပြည်တော် ဒီဇင်ဘာ ၂၇
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ဒီဇင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးတိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူရနှင့် ကော်မတီဝင်များ လိုက်ပါလျက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် အမှတ်(၁)ရပ်ကွက် မဲရုံသို့သွားရောက်ကြည့်ရှုကာ တာဝန်ထမ်းဆောင်မည့် မဲရုံကြီးကြပ်၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မဲရုံလုံခြုံရေးနှင့် မဲပေးရန်လာရောက်သည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစေရေးနှင့် အခြားလိုအပ်သည်များ မှာကြားကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် အမှတ်(၂)ရပ်ကွက်မဲရုံနှင့် သစ်ဆိမ့်ပင်ကျေးရွာအုပ်စုမဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ဗောဓိကုန်းကျောင်းတိုက်၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် အသံမစဲ မဟာပဋ္ဌာန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ အေလာမြို့၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့်ပရိတ်ရေများ၊ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများလှူဒါန်းကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈)မြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲများကို ဒီဇင်ဘာ ၂၃ ရက်မှ စတင်ကျင်းပလျက်ရှိပြီး ၅ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)