ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၊ မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဒီဇင်ဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လာရောက်ကြီးကြပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရာတွင် တရားမျှတစွာ ယှဉ်ပြိုင်ရန်လိုအပ်ပါကြောင်း၊ မဲဆွယ်စည်းရုံးရာတွင် ထုတ်ပြန်ထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာစွာ ဘက်လိုက်မှုမရှိဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် နိုင်ငံရေးပါတီများက မြေပြင်ကွင်းဆင်းသည့် ကာလအတွင်း တွေ့ကြုံရသည့် အခြေအနေများနှင့် ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒိန်ရထင်ဗေးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးတို့ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ထိုမှတဆင့် ညနေပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်ဇော်သည်  ပူတာအို.မြို့ ဒုတ္ထန်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌  တတိအကြိမ် အတည်ပြုပြီး မဲစာရင်းများအား သက်ဆိုင်ရာမဲရုံသို့ ပြောင်းရွှေ့ကြေညာကပ်ထားမှုနှင့်၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့ ရွေးကောက်ပွဲ အပိုင်း(၁)တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး မဲရုံတာဝန်ကျ မဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အပိုင်းလိုက်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)