သထုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် မိုးစပါးရိတ်သိမ်းချိန်ကာလ ကောက်ရိုးထုံးကိရိယာ (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်က မြေနီကုန်းကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။
ကွင်းသရုပ်ပြသခြင်းကို မြေနီကုန်းကျေးရွာ ကွင်းအမှတ် (၆၄၆) ဦးပိုင်အမှတ် ၆/၁ တောင်သူ ဦးသာဆန်း၏ လယ်ယာမြေ၌ပြုလုပ်ရာ သထုံခရိုင်စက်မှုလယ်ယာဦးစီးဌာနမှုး ဦးအောင်ခန့်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မင်းမောင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ ကောက်ရိုးထုံးကိရိယာ (Round Baler) ဖြင့် ကောက်ရိုးထုံးရာ၌ ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြသရာသို့ သထုံမြို့နယ်အတွင်းရှိ မြေနီကုန်း၊ တောစွန်း၊ ဆင်ဖြူကျွန်းကျေးရွာတို့မှ မိုးစပါးစိုက်တောင်သူနှင့် မွေးမြူရေးတောင်သူ ၃၀ ကျော်တက်ရောက်ခဲ့ကြပြီး သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)