မော်လမြိုင် ဒီဇင်ဘာ ၂၇
မော်လမြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၆ နာရီက စတင်၍ ပြည်နယ်လွှတ်တော်ရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မော်လမြိုင် မြို့နယ်အတွင်းရှိ မဲရုံများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုလွှတ်တော်တို့တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များ၊ အရံစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်းများ မဖြစ်ပေါ်စေရေန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာမဲရုံများအား ဇုံနယ်မြေများခွဲ၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ သတ်မှတ်အချိန်အလိုက် ထုတ်ပေးလျက်ရှိသည်။
မော်လမြိုင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု (၄၂) တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၁၉၁၆၈ ဦးရှိပြီး မဲရုံပေါင်း (၁၁၇) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)