အောင်မြေသာစံ ဒီဇင်ဘာ ၂၆
၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ်အတွင်း ပြည်ကြီးကျက်သရေ (အရှေ့)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများအား မဲပေးစက်များနှင့် စပ်လျဉ်း၍ လက်တွေ့သရုပ်ပြသနေမှု၊ သီရိမာလာ(အနောက်)ရပ်ကွက်ရှိ အမှတ်(၂၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)၌ မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ သီရိမာလာ(အနောက်)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထား၊ ကြေညာထားမှုအား လာရောက်ကြည့်ရှုနေမှု၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၂)နှင့် အမှတ်(၅)တို့တွင် မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ နှင်းဆီကိုးခန်းဓမ္မာရုံတွင် မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ)