မြစ်သားမြို့နယ်တွင် ဆောင်းသီနှံဖြစ်သည့် ကုလားပဲများ စိုက်ပျိုးအောင်မြင်လျက်ရှိ

မြစ်သား ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံဖြစ်သောကုလားပဲ  စိုက်ပျိုး‌အောင်မြင်လျက်ရှိ‌ကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ကုလားပဲသီးနှံများကို ကင်းစိန် စျေးအုပ်စု၊ ရွာသစ်အုပ်စု၊ နွားကူးလေးအုပ်စု စသောမြေအောက်အစိုဓာတ်ရှိသောကျေးရွာများတွင် စိုက်ပျိုး၍  အောင်မြင်လျက်ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ကုလားပဲသီးနှံကို မိုးဦး၊ မိုးလယ်၊ မိုးနှောင်းရာသီများ၌ စိုက်ပျိုးကြရာသီးနှံ များအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍နည်းပညာများကို စနစ်တကျပေးကာ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။

ကုလားပဲခင်းစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းနှင့် အတန်းလိုက်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးရှိသည်။ အတန်းလိုက်စိုက်ပျိုးပါက အပင်များလေဝင်လေထွက်ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှုမြန်ဆန်ကာ အထွက်နှုန်းကောင်း၍ အပင်များရှုပ်ထွေးမှုမရှိသည့် အတွက်ပိုး ကျရောက်မှုလည်း နည်းကြောင်း၊ သို့သော်ကုလားပဲစိုက်ပျိုးရာတွင် မြေအမျိုးအစားနှင့်အစို ဓာတ်ရရှိမှုအပေါ်မူတည်ပြီး အထွက်နှုန်းများကွဲပြားကာ တစ်ဧကလျှင် ၁၆  တင်းမှ ၃၀ တင်း အထိထွက်ရှိနိုင်ကြောင်းသိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)